CES
2018 ပြပွဲမှာ Caterpillar ကုမ္ပဏီကလည်း စိတ်ဝင်စားစရာ feature တွေပါဝင်တဲ့
အကြမ်းခံ Android စမတ်ဖုန်း Cat S41 ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။
အကြမ်းခံနိုင်ရည် မြင့်မားအောင် တည်ဆောက်ထားတဲ့ Cat S41 ဟာ ထူထဲလေးလံပြီး အမြင့် ၆ ပေ ဒါမှမဟုတ် ၁.၈ မီတာကနေ ပြုတ်ကျတဲ့အခါ ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဖုန်းကို ရေအနက် ၆.၅ ပေ ဒါမှမဟုတ် ၂ မီတာမှာ တစ်နာရီအထိ စိမ်နိုင်ပါတယ်။ အလွန်အကြမ်းခံပြီး ဖုန်ဒဏ်၊ တုန်ခါမှု၊ စွတ်စိုမှုအစရှိတဲ့ ပတ်ဝန်းကျင်တစ်ဝိုက်က အခြေအနေပေါင်းစုံကို ခံနိုင်ရည် ရှိပါတယ်။
Cat S41 မှာ ရေအောက် ကင်မရာ mode တစ်ခု ပါဝင်လာတဲ့အတွက် ရေအောက်မှာ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ Cat S41 နဲ့ ရေအောက်မှာ ဓာတ်ပုံရိုက်ကူးတဲ့အခါ မျက်နှာပြင်ဟာ ဘာပြဿနာမှ ဖြစ်ပေါ်မှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Cat S41 မှာ ဘက်ထရီ 5,000 mAh အသုံးပြုထားတာကြောင့် အခြားဖုန်းကို အားပြန်သွင်းပေးနိုင်ပါတယ်။ အခြားဖုန်းကို အားသွင်းတဲ့အခါမှာ အရန်ဘက်ထရီစွမ်းအင် အားလုံးကို မယူနိုင်အောင် limit တစ်ခုလည်း သတ်မှတ်ပေးထားနိုင်ပါသေးတယ်။
Cat S41 မှာ ၅ လက်မအရွယ် display အပြင် ကျောဘက်ကင်မရာ 13MP နဲ့ ရှေ့ကင်မရာ 8MP တို့ ပါဝင်လာပါတယ်။ ဖုန်းရဲ့ internal storage က 32GB ဖြစ်ပြီး Android Nougat software ကိုအသုံးပြုထားပါတယ်။
Cat S41 ကို အမေရိကန်နိုင်ငံအတွင်းက Amazon, Best Buy, New Egg, B&H နဲ့ Catphones.com ကနေ ၄၄၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။
စိုးထက်
Ref: CNET

No comments:
Post a Comment